မိတ်ဆွေအပေါင်းအသင်းများရဲ့ အလှူပွဲရှိရင် ဘုန်းကြီးအချိုပွဲအတွက် ကျွန်တော်တကူးတက လုပ်ပေးလေ့ရှိတဲ့ မုန့်ပါ။
ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသမှာ
အလွယ်တကူဝယ်လို့မရတဲ့အပြင်၊ သံဃာတော်များဘုန်းပေးတဲ့အခါမှာ အသစ်အဆန်းဖြစ်စေတဲ့ ကြက်သားခနုံထုပ် လုပ်နည်းပါ။
အပြင်ကြက်ဥဖက်ရွက်လုပ်ရန် ကြက်ဥ(၆)လုံး၊ဂျုံ ထမင်းစားဇွန်း (၁၀)ဇွန်း၊ဆီလဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ဆားလက်ဖက်စားဇွန်းတစ်ဝက်၊ ရေတစ်ခွက်ခွဲ(ကော်ဖီခွက်) တို့ကို ဇလုံထဲထည့်၍ ဂျုံမှုန့် အရည်ပျော်အောင်ခေါက်ထားပါ။
မကပ်တဲ့ ဒယ်အိုးပြားကို ဆီအနည်းငယ်သုတ်၍ မီးအပူပေးပါ။အိုးပူလာလျှင် မုန့်အနှစ်ကို ဒယ်အိုးအလယ်ကနေထည့်၍ ဒယ်အိုးကို စက်ဝိုင်းပုံလှည့်ပေးပါ။ မုန့်အနှစ်ရည်များ ဒယ်အိုးအနှံြ့ပန့်သွားပြီး ပါးလွှာသော အဝိုင်းပုံ ဖက်ရွက် ရပါမည်။
ကြက်ဥသီးသန့်ဖြင့် လုပ်ထားသောဖက်ရွက်ထက် ဂျုံမှုန့်၊ကြက်ဥအရောဖြင့်ပြုလုပ်ထားသော ဖက်ရွက်က ပို၍နူးညံ့ကာ စားကောင်းပါသည်။
အစာလုပ်ရန်အတွက် ကြက်သား အစိတ်သားကို ဆား၊ အချိုမှုန့် နှင့်နယ်ပြီး ရေအနည်းငယ်ထည့်ကာ ရေခန်းပြုတ်ပါ။
ပြုတ်ထားသောကြက်သားကို အမျှင်လေးများရအောင်မွှာပါ။ထို့နောက် ကြက်သွန်နီကို ကြက်သားမျှင်ပမာဏနှင့်အညီ ပါးပါးလှီးထားပါ။
ဒယ်အိုးတစ်ခုထဲသို့ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်၊အပူပေးကာ ပါးပါးလှီးထားသော ကြက်သွန်နီကို ဆီသတ်ပါ။နွမ်းလျှင် ကြက်သွန်ဖြူ ငါးမွှာကို တောက်တောက်စင်းပြီး ထည့်ကာ ဆီသတ်ပါ။ နနွင်းမှုန့်၊ အရောင်တင်မှုန့်ထည့်ပြီး ကြက်သားမျှင်ထည့်ပါ။ငံပြာရည်၊အချိုမှုန့်လိုသလိုထည့်ကာ နှံ့အောင်မွှေပြီး နှံ့စပ်လျှင် မီးဖိုပေါ်မှချကာ အအေးခံထားပါ။
ခနုံထုပ်လုပ်ရန်အတွက် ကြက်ဥဖက်ရွက်ကို ခင်းပြီး ကြက်သားကြက်သွန်နီအစာပလာထည့်ပြီးလိပ်ပါ။
လုပ်ရတာလဲလွယ်ကူပြီး စားဖူးသူတိုင်းကြိုက်နှစ်သက်သော ကြက်သားခနုံထုပ်ကို ကြိုက်နှစ်သက်ရာ အချဉ်ရည်နှင့် တွဲဖက် တည်ခင်းနိုင်ပါပြီ။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment