အသားကောက်ညှင်းထုပ်
ကောက်ညှင်းဆန် နှစ်လုံးကို ရေစင်အောင်ဆေးပြီးနှစ်နာရီခန့်ရေစိမ်ထားပါ။ကြက်သား(သို့)ဝက်သား တစ်ဆယ်ငါးကျပ်သားကို အနေတော်အတုံးလေးများတုံးကာ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ငရုတ်ကောင်းမှုန့်၊သကြားအနည်းငယ်၊ဟင်းချက်ဝိုင်(မရလျှင်)ရရာအရက်အနည်းငယ်ထည့်နယ်ပြီးနှပ်ထားပါ။အသားနှပ်ထားစဉ်၊ရေစိမ်ထားသောကောက်ညှင်းဆန်ကိုရေစစ်ထားပါ။
အသားချက်ရန် ဆီအနေတော်ထည့်၍ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအသားထည့်၊ကြာညို ပဲငံပြာရည်အပျစ်အနည်းငယ်ထည့်ပြီး အသားနူးအောင်ချက်ပါ။ဝက်အူချောင်း/ကြက်အူချောင်းကိုအစောင်းလေးများလှီးပြီးထည့်ပါ။ရေမကျန်ပဲဆီပြန်သည်အထိချက်ပါ။အသားနူးလျှင်ဆီစစ်ဆယ်ယူထားပါ။ရေစစ်ထားသောကောက်ညှင်းဆန်ကို အသားချက်ရာမှကျန်သောဆီထည့်၊အသားမှုန့်၊တရုတ်မဆလာ၊ပဲငံပြာရည်အပျစ်၊ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင်ရောနယ်ပါ။
ကောက်ညှင်းထုပ် ထုပ်ရန်အတွက် ဝါးပိုးရွက်ကိုကတော့ပုံစံလုပ်ပြီး ကောက်ညှင်းဆန်ထည့်၊အသား၊ပုဇွန်ခြောက်၊သီဟိုဠ်စေ့၊ငုံးဥပြုတ်၊မြေပဲဆံ၊ကြက်အူချောင်းထည့်ပြီး နောက်ဆုံးကောက်ညှင်းဆန်ဖုံး၍လုံအောင်ထုပ်ရပါမည်။
သင်အူကြိုးကိုအနေတော်ခွဲပြီးရေစိမ်ကာ ဆယ်ကြိုးတစ်ထုံး ထုံးပြီးကောက်ညှင်းထုပ်များချည်ကာရေနွေးဆူဆူတွင် တစ်နာရီပြုတ်ရပါမည်။ ကောက်ညှင်းထုပ်များရေပေါ်ပေါ်မနေစေရန်ရေနွေးများများထည့်ရန်လိုပါသည်။ပြုတ်ချိန် နာရီဝက်အကြာတွင် အနူးညီစေရန် အပေါ်အောက်လှန်ပေးရပါမည်။
တစ်နာရီပြည့်လျှင်ဆယ်ယူပြီး ကောက်ညှင်းထုပ်အတွဲများကို ချိတ်ဆွဲကာ ရေစစ်ရပါမည်။ကောက်ညှင်းဆန် နှစ်လုံးအားအသုံးပြုလျှင် ကောက်ညှင်းထုပ် အနေတော် ဆယ်ထုပ်ရပါမည်။
အသားကောက်ညှင်းထုပ် ထုပ်ရာတွင် ဝါးရွက်အသုံးပြု ပါက အနံ့ကိုပိုမိုကောင်းမွန်စေပါတယ်။မရလျှင် ငှက်ပျောရွက်ရေနွေးဖျောပြီး ဝါးရွက်အစား အသုံးပြုနိုင်ပါသည်။အသားကောက်ညှင်းထုပ်အား နှစ်သက်ရာ ငရုတ်ဆီ၊ အချဉ်ရည်တို့ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့်
thinyanant.blogspot.com
thinyanant.blogspot.com
No comments:
Post a Comment